Monday, January 3, 2011

ချစ်သောသူငယ်ချင်းများသို့

ကျွန်တော်ကို ချစ်သော သူငယ်ချင်းများနှင့်ကျွန်တော် ချစ်သောသူ ငယ်ချင်းများ ခဗျာင်္း။ဒီနေရာလေးကတော့ စမ်းသပ်ခမ်း ဖြစ်သွားပြီ။လိဒ်ချိတ်ပေးချင်ရင်တော့ chintaungtan.blogspot.com ကိုပဲချိတ်ပေးကြပါလို့ တောင်းဆိုပါရစေ။
Read More

Tuesday, August 10, 2010

လာလည်သူ သူငယ်ချင်းများသို့

ခဏ ပြောင်းသွားတယ်။လာလည်သူ သူငယ်ချင်းများ chintaungtan.blogspot.com တွင်အသစ်ကလေးတွေ ဆက်လက် တင်ပေးပါသည်။ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။

လေးစားလျက်...ချင်းတောင်တန်း
Read More

Wednesday, June 30, 2010

တောင်ပေါ် ခေါင်ရည်ချိုမြမြ





ခေါင်စုပ်နေပုံ

ခေါင်သည် ချင်းတို့ အတွက်မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။ရန်သူကို တိုက်ခိုက်တော့မည့် အချိန်တွင် ခေါင်ကိုထိပ်ပြီး ဆိုင်ရာများကို ခေါ်၍ စုဝေး တိုင်ပင်ဆွေးနွေးကြသည်။ဟိုးအရင်က ချင်းတို့တွင် စာချုပ်စာတမ်းဟူ၍ မရှိပေ။ခေါင်ရည် တစ်ခွက်ဖြင့် ကတိ ပြုခြင်း၊စာချုပ်များချုပ်ဆိုနိုင်သည်။ ခေါင်ရည်တစ်ခွက်သည် လွယ်လွယ်ကူကူ သောက်လို့ရသလို တခါတရံမှာ အသက်တစ်ချောင်းနှင့် ထပ်တူ ထပ်မျှပင် ဖြစ်သည်။ သေရေး ရှင်ရေးတွင် ခေါင်ရည် တစ်ခွက် သောက်ပြီးပါက အသက်ကို စတေးပေဆပ်ရမည် ဖြစ်သည်။ ပျက်ကွက်ပါက သင်သည် ယျောက်ကျား မဟုတ်ဟု အများတကာ အထင်သေးတာ ခံရတတ်သည်။


ခေါင်သောက်ပုံ

ပျော်ပွဲ ရွှင်ပွဲများတွင် ခေါင်ရည်သည် မရှိမဖြစ် လိုအပ်သည်။ခေါင်ပွဲများမက ပွဲတိုင်းတွင် ခေါင်ရည်ပါလေ့ရှိသည်။ ပွဲများတွင် ယောက်ကျား များသာ ခေါင်ရည် များများသောက်လေ့ရှိသည်။မိန်းမများက နည်းနည်းသောက်ရသည်။အကြောင်းမှာ ယောက်ကျားများ မူးလာပြီး ရန်ဖြစ်လာပါက မိန်းမများက ထိန်းကြတတ်သည်။နှစ်ယောက်စလုံး မူး၍ မဖြစ်ပေ။မိန်းမကောင်းများသည် ခေါင်ရည် မူးသည်ဟူ၍ မရှိပေ။

ခေါင်သည် ဆပ်နီကို အများဆုံးချက်ရသည်။ဆန်၊ဆပ်ဝါနှင့်ပြောင်းဖူး များချက်နိုင်သည်။ပြောင်းဖူးချက်သောခေါင်သည် ခါးသောအရသာ ရှိပြီး ကောက်ညှင်းသည် အကောင်းဆုံးဖြစ်သည်။ခေါင်သည် ထမင်းချက်သလို ချက်ရသည်။ပြီးရင် အအေးခံပြီး တဆေနှင့် ရောကာ တောင်းကြီးထဲ ၂၊၃ ညထားရသည်။တဆေပြုလုပ်ခြင်းကတော့ သေချာမသိပါ။ကြားဖူးတာကတော့ကျင်း၊ငရုပ်၊ဆန်နှင့်နွယ် ပင်တမျိုးကို ပေါင်းစပ်၍ ပြုလုပ်သည်ဟု သိရသည်။လူတိုင်းလုပ်လို့ မရပါ။တဆေ လုပ်သူတွေဆီမှာ ရှေးရှေးကတည်းက ပိုင်ဆိုင်လာတဲ့တဆေ အဖိုနှင့်အမ ရှိသည်ဟုသိရသည်။သူတို့တဆေလုပ်တိုင်း အဖိုအမ သီးသပ်ထားကြသည်ဟုကြားဖူးသည်။ ချင်းပြည်နယ် တောင်ပိုင်းရှိ မြို့များတွင် ဆိုင်တိုင်းတွင် တဆေကို ၀ယ်နိုင်ပါသည်။တဆေသည် အမျိုးသမီးချင်းတာ လက်ကမ်း၍ အပေးအယူရှိသည်။ စိတ်ကြမ်းသော မိန်းမက ပေးလျှင် ခါးသည်။စိတ်ကောင်းသော မိန်းမပေးသော တဆေသည် သူ့စိတ်အတိုင်း ခေါင်ရည် ချို သည်ဟု အယူရှိသည်။

ခေါင်အိုးကို ရှည်လျားသော အရွက်များဖြင့် ပိတ်ကြသည်။အဖုံးပိတ်သောအခါ ၂ထပ်ပိတ်ရသည်။ပထမအထပ်ပေါ်တွင် အ၀တ်ဖြစ်ဖြစ်တခုခု ခံပြီး နောက်ထပ်ပြန်ပိတ်ရသည်။အဆင်ပြေသော မိသားစုတို့သည် ပျားဖယောင်းဖြင့် ပိတ်ကြသည်။ ခေါင်အိုးပိတ် သော အရွက်များကြည့်ပြီး ချောက်လာပါက ခေါင်ချို လာသည်ဟု တွက်ဆနိုင်သည်။တစ်လအတွင်း သောက်သုံးနိုင်သည်။ခေါင်သည်တစ်နှစ်မှ ခြောက်နှစ် အထိထားနိုင်ပြီး ကြာကြာ ထားလိုသော ခေါင်ကို နည်းနည်းမာ အောင်ချက်ပေးရသည်။



ခေါင်သောက်ပုံ

ခေါင်ချက်စဉ်တွင် လင်မယား အတူမ အိပ်ရ။ချက်တဲ့နေ့ကစပြီး ခေါင်အိုးထဲထည့်သည့် အထိပေါ့။အတူတူအိပ်ပါက ခေါင်ပျက်သည်ဟု အယူအဆ ရှိသည်။ခေါင်ချက်သောအိမ်တွင် လူစိမ်းဝင်၍ မရပါ။အိမ်ရှေ့တွင် သစ်ရွက်စိမ်းများထားတတ်ကြသည်။သစ်ရွက်စိမ်းများ အိမ်ရှေ့တွင်မြင်ပါက သူခေါင်ချက်သည်ဟု သိနိုင်သည်။ခေါင်ချက်၍ အအေးခံချိန်တွင် တံခါးများပိတ်ရသည်။ခေါင်ချက်သူမှအပ မိသားစု အားလုံးအပြင် ထွက်ရသည်။အပြင်ကလူအထဲဝင်၍ မရသလို အထဲက ခေါင်ချက်သူကိုကူညီ လိုပါက မပြီးမချင်း အပြင်ထွက်၍မရပါ။

အကယ်၍ အပြင်လူဝင်လာပါက အဖတ် နည်းနည်းယူပြီး မြည်းခိုင်းသည်။သူကအရမ်း ချိုသည်ဟု ပြောရမည် ဖြစ်သည်။ဒါဆိုရင် ခေါင်မပျက် ဟု အယူရှိသည်။ကျွန်တော် ငယ်ငယ်တုန်းက အိမ်နားက ခေါင်ချက်သူအိမ်တွင် ပြေးဝင်မိသည်။အိမ်ရှင်က ထုံးစံအတိုင်း ခေါင်ဖတ် ယူပြီးမြည်းခိုင်းသည်။ချိုသလား ဟုမေးသည်။ မချိုပါဘူးဟုပြန်ပြောတော့ ချိုတယ်လို့ ပြောရတယ် ကလေးရယ်လို့ ပြန်ပြောသည်။ချိုသည်ဟု ပြန်ပြောပေးခြင်းဖြစ် ခေါင်မပျက်နိုင်ဟု အယူရှိသည်။ခေါင်ထည့်မည့် ခေါင်အိုးများကို သေချာ သန့်ရှင်းအောင် ဆေးပြီး ခြောက်အောင် နေပူလှန်းရသည်။

အလွယ်ဆုံး ခေါင်၊လှော်စာပြုလုပ်နည်းမှာ ထမင်းကျန်ကို မလွှတ်ပစ်ဘဲ တဆေနှင့်ရောပြီး ကြွက်ကြွက်အိတ်ထဲထည့် လုံအောင်ပိတ် အိုးဖြစ်ဖြစ် နည်းနည်း လေလုံတဲ့ နေရာတွင် ထားပေးရသည်။တစ်ပတ်လောက်ဆိုရင် လှော်စာ ချိုချို စားနိုင်ပါသည်။



ခေါင်ကိုနေပူ လှန်းပုံ


ချင်းတို့စပါးကျီ ထဲတွင် ခေါင်၃လုံးမှ ၆လုံး ထိတကယ့် အကောင်းစားများ ထားတတ်ကြသည်။ဥပမာ မပြောကောင်း မဆိုကောင်း ရုတ်တရက် သေဆုံးလျှင်ဒါမှမဟုတ် အရေးပေါ်ပြဿနာ ကြုံပါက အသုံးပြုရန် ဖြစ်သည်။ခေါင်သည် ကြာလာသည်နှင့်အမျှ ခေါင်အိုး၏ အောက်ခြေတွင်အရည်များစုလာတတ်သည်။ကြာကြာထားလိုသော ခေါင်ကို အဲဒီအရည် ၁လတစ်ကြိမ် စုပ်ပေးရသည်။မစုပ်ပေးပါက ခေါင် ပျက် နိုင်သည်။အဲဒီအရည် မျိုးစုပ်ချင်သဖြင့် ကျွန်တော်ငယ်ငယ်တုန်းက အမေ စပါးကျီ သွားတိုင်း လိုက်သွားတတ်သည်။ခေါင်သည် ပျက်မပျက် အမြဲ ဖွင့်ပြီး ကြည့်ရှု စမ်းသပ်နိုင်သည်။စမ်းသပ်သော အခါ လက်နှင့်မယူရ။ဓား၊ဇွန်း သစ်ရွက်တခုခုဖြင့် လက်ကို ခံပြီး ယူပါက မပျက်နိုင်ပါ။ဤနည်းဖြင့် ခေါင်အိုးထဲရှိ ခေါင်ဖတ်ကို တစ်ဝက်ယူပြီး တစ်ဝက်ထားနိုင်သည်။ပျက်သောခေါင်ရည်ကို အလွန်ချည်၍ သောက်မရပါ။

ခေါင်သောက်သော အခါ ခွက်ဖြင့်ချိန်၍ သောက်ရသည်။ခေါင်တစ်အိုး အတွက် ခွက်တစ်လုံးတာ ထားရမည် ဖြစ်သည်။ခေါင်တစ်လုံး အတွက် စီမံခန့်ခွဲ သူတစ်ယောက်ရှိသည်။ကြီးစဉ်ငယ်လိုက် အလှည့်ကျတတ်သည်။စီမံသူက ခွက်ထဲတွင် ရေထည့်ပြီးပေးမည်ဖြစ်ပြီး ခေါင်ရည်စုပ်ပြီး ရေများအောက်ကျ သောအခါ လက်ထဲရှိရေနှင့်ဖြည့်ပေးရသည်။လက်ထဲရှိရေ ကုန်ပါက ထပ်ထိုင်လို့ မရပါ။အထူးဧည့်သည် များဦးစားပေးတတ်ကြသည်။

နွားနောက်ဦးချိုတွင် ခေါင်ရည်ထည့်ပြီးပေးသော လူသည် အရေးကြီးသော လူဖြစ်သည်။တနည်းပြောရရင် ဇာတ်လိုက်ဖြစ်သည်။နွားနောက်ဦးချို၌ ထည့်သော ခေါင်ရည်သည် တချို့ လူနဲ့မတည့်ပါ။မူးလွယ်သည်။ကျွန်တော့်အဖေသည် နွားနောက်ဦး ချို ခေါင်ရည်နှင့် မတည့်သဖြင့် အမေက အမြဲ ၀င်တားခဲ့ဖူးသည်။သိပ္ပံနည်းကျ ပြောရင်တော့ မှားနိုင်သည်။တခြားရောဂါ ကြောင့်လည်းဖြစ်နိုင်သည်။စာရေးသူက အယူအဆ များကိုသာရေးခြင်း ဖြစ်သည်။

ခေါင်အိုးကို နေပူလှန်းပုံ

ဗမာကို ခေါင်ရည် မမြည်းခိုင်းနဲ့...ချင်းကို အမြည်းမကျွေးနဲ့ ဟူသော ဆိုရိုးစကားကြားခဲ့ဖူးသည်။အကြောင်းမှာ ဥပမာ ကျွန်တော်၏ ခွဲတမ်း ခေါင်ရည်ကို တခြားလူကိုမြည်းခိုင်လို့ရသည်။နည်းနည်း သောက်ပြီး ပြန်ပေးရန်ဖြစ်သည်။ယာဉ်ကျေးမှုသာ ဖြစ်သည်။တနည်းပြောရရင် မိတ်ဆက်ခြင်း ဖြစ်သည်။ဗမာတွေမြည်းခိုင်းပါက အကုန်သောက်ပေးသောကြောင့် ထင်သည်။ချင်းကို အမြည်းမကျွေးရ။အမြည်းသည် တနည်းပြောရင် အလှစားရန် ဖြစ်သည်။နည်းနည်းစီ စားရသည်။ချင်းကို အမြည်း ကျွေးသောအခါ ထမင်းစားသလို စားသောကြောင့် ခဏနဲ့ ကုန်တတ်သည်။ဒါကြောင့်ချင်း ကို အမြည်းမကျွေးရစကား ပေါ်လာခြင်းဖြစ်သည်။

ဟဲဟဲ...အခုဆိုရင် ခေါင်ရည်လည်းကြည့်သောက်မယ်...အမြည်းလည်းကြည့်စားတော့မယ် ဟေ့...ဟီးးး

ဈေးတွင်ရောင်းသော ခေါင်ရည်သည် အစစ်မဟုတ်ပါ။ခေါင်ရည်ကို ရသလောက်ယူပြီး အရက် သကြားနှင့်ပြန်ရောကြသည်။ ခေါင်နံ့သာ ထွက်ပြီး အရသာက BEအရက်သာ ဖြစ်သည်။ တောရွာများတွင်သာ ချောင်ရည် အစစ်ရနိုင်သည်။ခေါင်ထိပ်သော အခါ တစ်ပတ်အတွင်းသောက်နိုင်သည်။ ခေါင်အိုးအ၀တွင် ညောင်ရွက်ဖြစ်ဖြစ် တခြားအရွက်များဖြင့်ပိတ်ပြီး ထိပ်နိုင်သည်။စုပ်ရမည့် တိုင်ကလေးစိုက်ပေးရသည်။ပြီးရင် ရေထည့်သည်...ချက်ချင်းသောက်၍ မရပါ။တစ်နာရီ ခန့် စောင့်ပေးရသည်။သောက်ပြီးသား ခေါင်ဖတ်ကို စားလို့မရပါ။သောက်ပြီးသား ခေါင်ဖတ်များ ကို ၀တ်ကျွေးလို့ရသည်။ဝတ်စာတွင်များများမထည့်ရ။ဝတ်ကိုသေ စေ နိုင်သည်။အိမ်တွင် ရောက်လာသော ဧည့်သည်များကို ခေါင်ထိပ်ပေးတတ်ကြသည်။


ဧည့်သည် မမူးပါက အိမ်ရှင် မကျေနပ်ပါ။ဧည့်သည်မထနိုင်အောင်မူးပါက အိမ်ရှင်ကျေနပ်သည်။ဧည့်ဝတ်ကျေသည်ဟု ထင်တတ်ကြသည်။ဧည့်သည်ကို ထမင်းကျွေးရာတွင် ဧည့်သည် သည်ဗိုက်နာသည် အထိ စားမှငါတို့ ကျေနပ်သည်။နည်းနည်း စားပါက ငါချက်သော ထမင်း ဟင်းမကောင်းလို့ သူနည်းနည်းပဲ စားသွားတယ်ဟု အိမ်ရှင် စိတ်မကောင်း ဖြစ်တတ်သည်။ တစ်မျိုးပြန်ကြည့်ရင် တစ်ဖက်သားကို ရိုင်းရာကျပေမယ့် ရိုးရာအစဉ် အလာ တစ်ခုတာ ဖြစ်ကြောင်း။

ချင်းတောင်တန်းဆီကို တစ်ခေါက်လောက်လာလည်ပြီး တောင်ပေါ် ခေါင်ရည် ချိုချိုမြမြကို လာသောက်ကြပါလို့ အားလုံးကို ခင်မင်စွာ ဖိတ်ခေါ်ပါတယ်။
Read More

Monday, June 28, 2010

ကျွန်တော်နှင့် Pepsi



ကျွန်တော် ဟိုးလွန်ခဲ့တဲ့ (၇)တန်းတုန်းက ထင်သည် နွေရာသီကျောင်း ပိတ်ရက်မှာ ကချင်ပြည်ရှိ အစ်ကိုဆီ သွားလည်ပါသည်။သွားလည် သည်ဆိုပေမယ့် နောက်နှစ်ကျောင်း ပြန်တက်ဖို့ ကျောင်းစရိတ် သွားတောင်းတာပါ။နွေရာသီသည် အလွန်းပူ ပြင်းသောကြောင့် အအေးကို အရမ်းသောက်ချင်သည်။ အအေးဆိုင်မှာ ၀င်ထိုင်တိုင်း ဟိုးမှာ...၀ါ၊စိမ်း၊နီ၊ပြာ အအေးတွေ အရောင်တွေ စုံလို့။အရောင်တွေ ကြည့်လိုက်ရင် သူ့အရောင်နဲ့ သူလှကြတာပဲ။

ကျွန်တော်နှင့် သူငယ်ချင်း တစ်ယောက်က pepsi ကိုမှာသောက်သည်။သူငယ်ချင်းက ပြောသည်...ကျွန်တော်တို့နှစ်ယောက် ထိုင်တဲ့ ဆိုင်တိုင်းမှာ ဒီpepsi ထဲပဲသောက်တယ်။ အီလာတယ်။နောက်တစ်ခါ ပြန်ထိုင်တဲ့ ဆိုင်မှာတော့ တခြားသောက်ကြည့်ရအောင်နော်တဲ့။ ကျွန်တော်က ဟုတ်ကဲ့လို့ ထောက်ခံရော။ကားနားတဲ့ တစ်နေရာမှာ ဟိုး...အအေးဆိုင်မှာ ၀င်ထိုင်ပြန်ရော...စာပွဲထိုးက လာမေးတယ်..ဆရာကြီးတို့ ဘာသောက်မလဲ...ဘာစားမလဲပေါ့။ကျွန်တော်နှင့်သူငယ်ချင်းက မင်းမှာပါ...မင်းမှာပါနဲ့...နောက်ဆုံးတော့ pepsi ကိုပဲ ပြန်မှာဖြစ်တယ်။

အဲဒီ pepsi တောင်မှ ကံကောင်းလို့ သိတာ။pepsi နာမည်လေး မသိရင်တော့ သွားပြီ။အစ်ကိုရဲ့ သူငယ်ချင်းက ကျောက်စိမ်းခွဲတာ အောင်လို့ အိမ်မှာ pepsi တွေ အဖာလိုက်လာချပေးတယ်။အဲဒီမှာ အစ်ကိုက ဒါဟာ pepsi ဗူး ဆိုပြီး မိတ်ဆက်ပေး တာ နဲ့ သိသွားတာပါ။ ရွာမှာ ဆိုရင် pepsi လိုမျိုး အအေးတွေ သောက်ဖို့ မပြောနဲ့ မြင်တောင်မြင်ဖူးတာ မဟုတ်ဘူး။

ဒီလို နွေနေပူပူ မန္တလေးလို ပူပြင်းတဲ့ ခရီးမှာ အအေးဆိုင်တွေမှာ ၀င်ထိုင်လိုက်တိုင်း အ၀ါ အနီ အစိမ်းရောင် လေးတွေ သောက်ချင်ပေမယ့်...ဆိုင်ရှင်ကို အစိမ်းရောင်လေးက နာမည် ဘယ်လိုခေါ်သလဲ မေးဘို့လည်း ရှက်စရာ ကြီး။တောသားတွေက လုပ်ချပြန်ပြီ လို့ အထင်သေးဖို့ ကလည်း ကြောက်လို့ပေါ့။မရှိတဲ့ သိက္ခာတွေ ထိန်းရင်း pepsi ဗူးပေါင်းများစွာ သောက်ပြီး အိမ်ပြန်ခဲ့ရတယ်။

အခုထိ ကျွန်တော် pepsi ၀ယ်ပြီး အမှတ်တရ သောက်နေဆဲပါ။

အားလုံး ပျော်ရွှင်နိုင်ပါစေ။
Read More

Saturday, June 26, 2010

ဗိုလ်ချုပ်အောင်ဆန်း



ကျွန်တော် ၁၉၈၈ တွင် ကျောင်းဝင်သည်။အစ်ကိုက ကျောင်းသွားအပ်သည်။၂လ လောက်ကျောင်းတက်ပြီး ကျောင်းသားအရေးအခင်းဖြစ် ကာ ကျောင်းပိတ်လိုက်ရသည်။ကျွန်တော်တို့ ကျောင်းသည် အခန်းမပါ အကျယ်ကြီး ဖြစ်သည်။ထိုကျောင်းကို ရောက်ပြီး ဟိုကြည့် ဒီကြည့် ကြည့်ရင်း ဗိုလ်ချုပ်အောင်ဆန်း ပုံ၂ပုံတွေ့ရသည်။ဦးထုပ်နဲ့က ပိုပြီး သဘောကျသည်။ ကျွန်တော်ကတော့ ဗိုလ်ချုပ်အောင်ဆန်းမှန်း မသိပါ။ပုံကို သဘောကျသဖြင့် သူငယ်ချင်းများမေး ကြည့်ရာ ဗိုလ်ချုပ်အောင်ဆန်းပုံတဲ့။ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလည်း မသိဘဲနဲ့ ထိုပုံကို လိုချင်မိသည်။ကျွန်တော့် အိမ်ထဲ တွင်ကပ်ချင်သည်။

ညနေ ကျောင်းဆင်းပြီး အိမ်ပြန်ရောက်တော့ အဖေကို မေးကြည့်သည်။ဖေဖေ ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံလိုချင်တယ် ၀ယ်ပေးပါလား လို့ပြောလိုက်တော့ ဖေဖေကအဲဒီ ဗိုလ်ချုပ်အောင်ဆန်းပုံ ၀ယ်လို့မရဘူး။ဆိုင်မှာမရောင်းကြဘူးတဲ့။ဒါဆိုရင် ကျောင်းက ပုံကို ဘယ်ကရတာလဲလို့ ထပ်မေးတော့ ဖေဖေက အစိုးရက ထုတ်ပေးတာတဲ့။အစိုးရက ဘယ်သူလဲလို့ ပြန်မေးတော့ ဖေဖေက စာအုပ်တဲ့။ကျွန်တော် စဉ်းစားသည်။အစိုးရက စာအုပ်တဲ့ စာအုပ်က ဘယ်လို ဗိုလ်ချုပ်အောင်ဆန်းပုံ ထုတ်ပေးတတ်တာလဲဟု။ပြီးတော့ ကျွန်တော်ထပ်မမေးတော့ပါ။

၁၉၉၉မှာ ရွေးကောက်ပွဲ လုပ်လာကြသည်။ဖေဖေက ဒီမိုကရေစီအဖွဲ့မှာ သွားပါတော့...ဗိုလ်ချုပ်အောင်ဆန်းပုံလေးရယ်...ခွပ်ဒေါင်းအလံပုံလေး ရယ်...ကပ်ပြားလေးတစ်ခုရယ် ရလာတယ်။ဗိုလ်ချုပ်အောင်ဆန်းတံဆိပ်ပုံလေး ဖေဖေက ငါ့ကို တပ်ခိုင်းသည်။ခဏကြာမှ ပြန်ဖြုတ်ပေး သည်။သူ့ပိုက်ဆံအိတ်ထဲ ထည့်ပြီး သားမယူနဲ့နော်။ဒါအရေးကြီးတယ်တဲ့။သေတ္တာထဲမှာ ထည့်ကာ သော့နဲ့ ခတ်ထားသည်။ဖေဖေ သော့ထား တဲ့နေရာကြည့်ပြီး ဖေဖေမရှိတဲ့အချိန်တိုင်း သော့ဖွင့်ကာ ဗိုလ်ချုပ်အောင်ဆန်းပုံလေးယူပြီး အဖေကပ်ပေးသလို ကပ်ကာ မှန်ခဏခဏ ကြည့်တာလဲ အမော။

ကျောင်းပြန်တက်တော့ ဦးထုပ်ဆောင်းတဲ့ ပုံက တတိယတန်းရှေ့မှာ ဦးထုပ်မပါတာက စတုတ္ထတန်းရှေ့တွင် ကပ်ထားသော ဗိုလ်ချုပ်အောင် ဆန်းပုံကိုကြည့်ပြီး ဗိုလ်ဦးထုပ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းက ပိုပြီး သဘောကျသဖြင့် တတိယတန်းရောက်ဖို့ အရမ်းကြိုးစား ခဲ့ဖူးသည်။တတိယတန်းရောက်တော့ အရမ်းကျေနပ်ခဲ့ဖူးသည်။

ဆရာမက စာဖတ်ကြပါလို့ ပြောတိုင်း သူငယ်ချင်းတွေနဲ့ တစ်ယောက်ကို တစ်ယောက် ဖခုံးပေါ် လက်တင်ပြီး ခုံတန်းကြီးမှာ ထိုင်ကာ ဟိုယိုင် ဒီယိုင် ရွက်ဆိုခဲ့သော အောင်ဆန်းဇာနည် ကဗျာကို (ကူကယ်)ဆီ ကူပါ ကယ်ပါဟု သွားအော်ရင်း ကိုရဲရင့်နီ ရဲ့ အိမ်အထိ ပြေးရောက်သွားရော တတိယတန်းတုန်းကပုံလေး တွေ့တာနဲ့ မပြော မဆို ယူလာပြီး အောက်မှာ တင်ထားပါတယ်။



"အောင်ဆန်းဇာနည်"

ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

ကျွန်တော်တို့ ငယ်ငယ်တုန်းက ဗိုလ်ချုပ်အောင်ဆန်း အကြောင်းပြောခဲ့ ဖူးသည်။ဗိုလ်ချုပ်အောင်ဆန်းသာ မသေရင်ငါတို့ရွာမှာ ကားလမ်း ပေါက်ပြီး ကျွန်တော်တို့ ကားစီးလို့ရမှာ၊စက်ဘီးစီးလို့ရမှာလို့။ကားဆိုရင် စာရွက်ပေါ် မှာပဲမြင်ဖူးတာ။စက်ဘီးကတော့ ရှားရှားပါးပါး ကျွန်တော်တို့ရွာက လူတစ်ယောက်က အိန္ဒိယပြည်ကနေ ရွာ(၁၂)ရက် ခရီးမှာ ထမ်းလာတာကို စာရေးကြီးက ဘော်လုံးကွင်းမှာ စီးပြတာ မြင်ဖူးသည်။အဲဒီလူက စီးဘို့ထမ်းလာတာမဟုတ်ဘူး သူမစီးတတ်ဘူး။ပြန်ရောင်းဘို့ထမ်းလာတာပါ။ဗိုလ်ချုပ်အောင်ဆန်းတာ အခုထိ အသက်ရှင်သေးရင် ငါတို့လည်း ဒီလိုစက်ဘီးမျိုး စီးနိုင်ကြမှာလို့ ခဏခဏ ပြောကြဖူးသည်။

စတုတ္ထတန်းရောက်တော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ဆရာမက ပြောပြသည်။ဗိုလ်ချုပ်အောင်ဆန်းက...ရိုးသားတယ်။မဟုတ်မခံ အမှန်တရားကို မြတ်နိုးတယ်။ရဲရင့်တယ်။သတ္တိရှိတယ်။မြန်မာ့လွတ်လပ်ရေးက ဗိုလ်ချုပ်အောင်ဆန်းက အရယူပေးတယ်..စသဖြင့် ပြောပြသည်။နောက်ဆုံးတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ဟာသူ သေတာမဟုတ်ဘူး။သေနပ်ကိုင် လူတစ်စုက သတ်လိုက်တာတဲ့...စိတ်မကောင်းစွာ ကြားရသည်။ဒီလောက်ကောင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဘာကြောင့် သူများက သတ်တာလဲ လို့မေးချင်ပေမယ့်...မမေးတော့ဘဲ ဆရာမပြောတာ ကိုပဲ ဆက်နားထောင်ရသည်။အဲဒီ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း နောက်တစ်ယောက်ထပ်ပေါ်လာရင် ကောင်းမှာပဲလို့ တွေးနေမိသည်။ဗိုလ်ချုပ်အောင်ဆန်းနောက်တစ်ယောက်ပေါ်လာပါစေလို့လဲ ဆုတောင်းခဲ့ဖူးသည်။

ကျွန်တော်အရမ်းလိုချင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကို အခုတော့ ကျွန်တော်ရဲ့ အိမ်လေးမှာ ခမ်းခမ်းနားနားကပ်နိုင်လိုက်ပါပြီ။

အားလုံးကျေးဇူးတင်လျက်...တောမင်းသားလေး
Read More

Wednesday, June 23, 2010

အချစ်ဆုံး...မိုင်လေးထံသို့


သတိ ရပေါင်း များစွာဖြင့် အဝေးတစ်နေရာ ကနေ မိုင်လေးထံ စာရေးနှုတ်ဆက်လိုက်ပါတယ်။ အခုချိန် မိုင်...နေကောင်းသလား။မိုင်...နေကောင်း ကျန်းမာ ဘို့ရန် အမြဲပဲဆုတောင်း ပေးပါတယ်။ မိုင်...ခုချိန်ဘာတွေ တွေးနေ သလဲ။မိုင်...အခုချိန်ဆိုရင် တို့တောင်ပေါ် မှာ ချယ်ရီတွေ တောင်ဇလပ်ပန်းတွေ ပွင့်တော့ မှာပဲနော်။


ပျော်စရာကောင်းသလို ဒီဇင်ဘာဆောင်းလရက်တွေ ရောက်လာပြီ ဆိုတော့ လွမ်းစရာတွေ လည်းဖြစ်မှာပေါ့နော်။ခရစ္စမတ်လည်း ရောက်လုပြီ။ဟိုး တစ်ချိန်က ပျော်စရာ သီချင်းလေးတွေဟာ အခုတော့ လွမ်းစရာ သီချင်းလေးတွေ အဖြစ် ပြောင်းပြန် စီးဆင်းနေပါတော့တယ်။ တစ်ချိန်က အတူတူ သီဆိုဖူးတဲ့ သီချင်း လေးတွေကို တစ်ခါတစ်ခါ ညည်းဆိုဖြစ်ခဲ့တယ်။ ဒါဘာကြောင့်လဲ သိလား...သတိရလွန်းလို့ပါ။

အခုချိန်ဆိုရင် ချယ်ရီတွေ တောင်ဇလပ်တွေ မကတောတောင်တွေမှာ ပန်းရောင်စုံများ စုံလင်စွာ ဖူးပွင့်ဝေ ဆာ လှပနေမှာပဲနော်။ တို့ရဲ့ တောင်ပေါ်ရွာလေးနဲ့ မိုင်လေးကို လွမ်းလိုက်တာကွာ။ကိုယ် ရောက်တဲ့ နေရာမှာတော့ ဘာပျော်စရာမှ မရှိဘူး။အိမ်တွေ ခြံတွေ အရာရာတွေနဲ့ ပြည့်စုံ ပေမယ့် ငါတို့ရွာလေးလို ပျော်စရာ ဘာတစ်ခုမှ မရှိဘူး။

တို့နှစ်ယောက်ကြားမှာ သမုဒ္ဒရာကြီးတွေ...အခါခါ တောင်တန်းကြီးတွေ အထပ်ထပ် ကာဆီး ပိုင်းခြား ထားပေမယ့် မမြင်နိုင်တဲ့ သံယောဇဉ် ကြိုးကတော့ သွယ်တန်းနေ ဆဲပဲ မိုင်...။ရာသီတွေ အလီလီ ပြောင်းလဲပြီး နှစ်တွေ အခါခါ ဟောင်းသွားပေမယ့် တို့နှစ်ယောက် ရဲ့ ချစ်ခြင်းမေတ္တာဟာ ရင့်ကျက်မှုနဲ့အမျှ ပိုပြီး ခိုင်မာနေဆဲပါ။

မိုင်...မြို့ထဲ လျှောက်သွားရင်လည်း လူတွေက နာမည်ကြီး မင်းသား လာနေ သလို ၀ိုင်းကြည့်ကြတယ်။နောက်မှာ ကောင်မလေးတွေက ခူးခူးခစ်ခစ် ရယ်ကြတယ်။အင်္ဂလိပ် စကားလည်း ရေရေလည်လည် မပြော တတ်တော့...ဟိုးတစ်ခါတုန်းက ခရစ္စမတ်မှာ မျက်နှာကို အ၀တ်နဲ့ပတ်ပြီး ပစ္စည်းတစ်ခုခု ကိုလိုက်ရှာတဲ့ ကစားနည်းလိုပါပဲ။အမှောင်ထဲ စမ်းတ၀ါဝါနဲ့ နေ့စဉ် ဘ၀ကိုဖြတ်သန်းနေတယ်။ငါတို့ ခရစ္စမတ် မှာတော့ အဲလိုကစားနေတဲ့ချိန်မှာ ဘေးမှာ မိုင်နှင့်အတူ သူငယ်ချင်းတွေက ၀ိုင်းရယ် အားပေးလို့ ပျော်စရာတောင် ကောင်းသေးတယ်။




မိုင်...မှတ်မိသေးသလား မသိ။ငါတို့ ကျောင်းတက်တုန်းက အင်္ဂလိပ် ဆရာက သူ့မျက်မှန် သပ်လိုက် ဖြုတ်လိုက်နဲ့ ကောင်မလေးတွေ ရှေ့မှာ အလှပြတာနဲ့ အချိန်တွေ ကုန်ကုန်နေတယ်။ငါတို့ ရေကြည့် ဖူးသေးတယ်နော်။၄၅ မိနစ် တစ်ချိန်မှာ ဆရာက သူ့မျက်မှန် ဖြုတ်လိုက် သပ်လိုက်တာ ၇၉ကြိမ်တိတိ ရှိတယ်နော်။အဲဒါကြောင့် ငါတို့ ကျောင်းမှာလည်း သင်ခန်းစာတွေ မကြေလို့ ဒီလို သူများနိုင်ငံမှာ ဒုက္ခ ရောက်နေတာပေါ့။

မိုင်...ဟိုးတစ်လက စာရေးတာ မရောက်ဖူးနဲ့ တူတယ်။ဘယ်သူမှ မသိတဲ့ တို့နှစ်ယောက်ရဲ့ အချစ်တွေဟာ ဘယ်သူမှ မသိအောင် တို့နှစ်ယောက်ရဲ့ ရင်ထဲ အသည်းထဲမှာပဲ သိမ်းဆည်းရအောင်နော်။ပြန်ဆုံဖို့ ကြိုးစားလိုက်တိုင်း ဝေးတထက်ဝေးနေတဲ့ တို့နှစ်ယောက်ရဲ့ အချစ်တွေဟာ မေ့ပစ်ဖို့ ကြိုးစားလိုက်တိုင်းလည်း ရင်မှာ နာကျည်းလွန်းတယ်။

နက်ဖြန်နေ့မှာ အသက်ရှင်သေးရင် ချစ်ခွင့်တော့ရှိသေးတယ်...မျှော်လင့်ခွင့်ရှိသေးတယ်....မိုင်။နောင်ဘ၀မှာ ပြန်ဆုံဖို့ ဆုတောင်းဖို့လည်း နောင်ဘ၀ ဟာသိပ်မသေချာဘူး မိုင်ရယ်။ကံကြမ္မာ ဟာ တို့နှစ်ယောက်အတွက် ရက်စက်လွန်းတယ်။ကံမကုန်ရင် ပြန်ဆုံမယ်...ဆိုတဲ့စကား လိုပဲ ပြန်ဆုံနိုင်မယ့် အဖြူရောင်နေ့ လေးကိုပဲ မျှော်လင့်ရင်းနဲ့ လုပ်စရာတွေ ဆက်လုပ်ရဦးမယ်။ဒီလိုပဲ တို့နှစ်ယောက် လူချင်း ဝေးပေမယ့် သွယ်တန်းနေတဲ့ သံယောဇဉ် ကြိုးလေးက တို့နှစ်ယောက်ရဲ့ အချစ်တွေကို ပိုပြီး ခိုင်မာအောင် ရစ်နှောင် ဆက်သွယ်ပေး မှာပါ။

မိုင်လေးအတွက်


မိုင်....မင်းကိုငါယုံကြည်တယ်။

မိုင်...ထာဝရ ချစ်နေမယ်....ဆက်ချစ်နေဦးမယ်။

မိုင်...ဒီစာ ကို ဒီမှာပဲ ရပ်နားလိုက်တော့မယ်နော်။

မိုင်...ဒီစာကိုဖတ်ပြီး ဒီည အိပ်လာသော အခါ အိပ်မက် လှလှလေးမက်နိုင်ပါစေလို့။

မိုင်...ဒီည မင်းနဲ့ငါ မိုးပေါ်မှာ ငြိမ်းချမ်းစွာ သာနေတဲ့ လမင်းကြီးရဲ့ မျက်နှာပေါ်မှာ ဆုံရအောင်နော်။

သိပ်ချစ်တဲ့...မိုင်
Read More

Friday, June 18, 2010

ကြောင်လည် ခေါင်းလောင်း



ရှေးရှေးတုန်းက ကြွက်တွေက...ကြောင်က ငါတို့ကို ရက်စက်စွာ သတ်ဖြတ်မြဲ သတ်ဖြတ်နေသည်။ ငါတို့တစ်ခုခုတော့ လုပ်ကြရအောင်။ ငါတို့ ဘာလုပ်ရင် ကောင်းမလဲ ဆိုပြီး ပြောဆို ဆွေးနွေး တိုင်ပင်ကြသည်။ကြောင်က ခြေသံမကြားရ အောင် တိတ်ဆိတ်စွာ သွားလာ ပြီး ငါတို့ကို ချောင်းမြောင်းဖမ်းဆုပ် သတ်ဖြတ်ခဲ့တယ်။ငါတို့ကို ရက်ရက်စက်စက် ကုပ်ခြစ် ညှင်းပန်း နှိပ်စက်ခဲ့တယ်။ကြောင်က ငါတို့ သားသမီး တွေ ကို ဖမ်းစားသတ်ဖြတ်လို့ ကြွက်ကလေးတွေ ကုန်လုနီးပါဖြစ်ပါပြီတဲ့။

ကြွက်တွေက သူတို့မှာရှိတဲ့ အကြံကြီး ဥဏ်ကောင်းတွေကို တစ်ကောင်ပြီး တစ်ကောင် တင်ပြကြတယ်။ငါတို့ကို ဘယ်သူကမှ လည်း လာမကယ်ဘူး...လာမကူညီကြဘူး။နောက်ဆုံးတော့ သူတို့ ဆုံးဖြတ်ချက်တစ်ခု ချနိုင်ခဲ့ကြတယ်။

ငါတို့က ကြောင်၏ လည်ပင်းတွင် ခေါင်းလောင်း သွားချိတ်ရမယ်တဲ့။ဒါဆိုရင် ကြောင်က တိတ်တိတ်ဆိတ်ဆိတ် သွားလာလျှင်လည်း ငါတို့ခေါင်းလောင်း သံကြားနိုင်မယ်။ခေါင်းလောင်းမြည်လာရင် ငါတို့ စောစောစီးစီး တွင်းထဲဝင်လိုက်မယ်တဲ့။ ဒါဟာ အကြံကြီး ဥာဏ်ကောင်းပဲဟေ့...အောင်ပြီ...အောင်ပြီ ဟု အော်ပြီး ကခုန် ပျော်ပါးကြတော့သည်။

စကားတစ်ခွန်းမျှပင် မပြောဘဲ ထိုင်နေတဲ့ ကြွက်အိုကြီးက ထလာတယ်။အဆွေတို့ရေ ခဏ နေကြပါအုံး။ငြိမ်ငြိမ် လေးနေပေးကြပါအုံး။ မင်းတို့ပြောတာ အကြံကောင်း ဥာဏ်ကောင်းပဲဟု...ကြွက်အိုကြီးက ထောက်ခံလိုက်သည်။ကြွက်တွေက တပြိုင်နက်...အောင်ပြီ ဟု အသံ ကျယ်ကျယ် အော်ကြတော့သည်။

ကြွက်အိုကြီးက...ငါတစ်ခုလောက် အကူအညီတောင်းချင်တယ်။ခဗျာင်္းတို့ ကူညီနိုင်မလားတဲ့။ကြွက်တွေက...ဘာလဲ...အဲဒါ...ဘာလဲ...အဲဒါ ဟုမေးကြသည်။

ကျေးဇူးပြုပြီး အားလုံးလာကြပါ...လာကြပါဟုဆိုပြီး...ကြွက်အိုကြီးက သူတို့ကို မေးလိုက်သည်။ ဘယ်သူက ကြောင်၏ လည်ပင်းတွင် ခေါင်းလောင်း သွားဆွဲပေးမလဲတဲ့။

ဘယ်သူကမှ ကြောင်၏လည်ပင်းတွင် ခေါင်းလောင်း သွားမချိတ်ရဲကြဘူး။ကြောင်က အကြီးကြီး သူ့အနား သွားရင် ဖမ်းစားမှာပေါ့ ဟုသူတို့တွေးကြသည်။

ဘယ်သူကမှ စကားတစ်ခွန်းမျှပင် မပြောကြတော့ဘူး။အားလုံးငြိမ်ငြိမ် လေးနေကြသည်။သူတို့အားလုံး တစ်ကောင်ပြီး တစ်ကောင် သူတို့ရဲ့ တွင်းနက်ထဲမှာ ပြန်ဝင်ကြတော့သည်တဲ့။


မှတ်ချက်။ ။ဘာသာပြန်ခြင်းသာဖြစ်တယ်။အားလုံး ပျော်ရွှင်နိုင်ပါစေ။
တောမင်းသားလေး
Read More